အိမ်မက် ညတစ်ည မှာ သာတဲ့လ
မနေ့က ညကတော့ အာနာပါန ရှု့မှတ်ဖြစ်ပေမယ့် ဒီနေ့တော့ မရှုဖြစ်ဘူး၊ ညစဉ် လုပ်နေကြ ယောဂ ကိုလည်း မကျင့်ဖြစ်ဘူး။ ဒါလည်း တစ်ရက်တစ်လေပါလေ ဆိုပြီး ထားလိုက်တယ်။ ရုံးကနေ ပြန်ရောက်တော့ ညနေ ၆နာရီ ၁၅။ ဟင်းချက်စရာတွေ ၀ယ်လာတော့ ကျွန်မ မနိုင်မနင်း ဖြစ်နေတယ်။ အိမ်တံခါးကို လှမ်းကြည့်မိ လိုက်တော့ အိမ်ထဲမှာ မီးထွန်းထားတော့ ကို ပြန်ရောက်နေပြီ လို့ သိလိုက်တယ်။ အိမ်ရှေ့လည်းရောက်ရော တံခါးကို အိမ် အတွင်းကနေ သော့ခတ်ထားတယ်။
"ကိုရေ ကိုရေ တံခါးလာဖွင့်ပေးပါ ဆိုတော့" ကိုက မကြားချင်ယောင် ဆောင်နေတယ်နဲ့ တူတယ်။ ကျွန်မ ဒေါသထွက်သွားတယ်။ ကျွန်မ မှာတော့ ရုံးက အပြန် ကြော့ကြော့ မော့မော့ မပြန်နိုင်ဘူး။ အပြန် ဖယ်ရီ ကို ဈေးထိပ်မှာ ရပ်ခိုင်းပြီး၊ ဈေးနဲ့ အိမ်က နည်းနည်း လှန်းတော့ ဆိုက်ကာ ငှားပြီး ပြန်လာတယ်။ သူက ကျွန်မ ပြန်အလာကို မျှော်မနေဘူး။ တံခါးလည်း လာမဖွင့်ပေးဘူး။ ကျွန်မ လက်ထဲမှာ နှင်းဆီ တစ်စီး၊ ထမင်ချိုင့်ထည့်တဲ့ အိပ်ထဲမှာ ဟင်းချက်စရာများ။ လက်က မနိုင်မနင်း၊ မိုးက ရွာနေတော့ ထီးစိုစို တစ်ချောင်း။ ကျွန်မ ဘေးလွယ်အိတ်ထဲက သော့ကို ခက်ခက်ခဲခဲ ထုတ်။ သော့ဖွင့်ပြီး သော့တံကို အိတ်ထဲ ပြန်ထည့်လည်း ပြီးရော ကို အိမ်ရှေ့ ရောက်လာရော။
ချစ်ပေး ကို ဘာသယ်ပေးရမလဲ မရှိဘူး။ မဆိုင်သလို ဟိုကြည့်ဒီကြည့်လုပ်နေတယ်။ ကျွန်မလည်း မောမောနဲ့ အိတ်တွေ ပစ်ချပြီး နှင်းဆီ ပန်းနှင့် ပန်းအိုး ယူပြီး ထွက်လာခဲ့တယ်။
ကျွန်မ၀ယ်လာတဲ့ နှင်းဆီ ပန်းတွေကို တစ်ပွင့်ချင်း အောက်ခြေက အရွက်တွေကို ခြွေတယ်။ ပန်းအိုးကို ဆေးတယ်။ ပန်းအဟောင်းတွေကို နှစ်ပိုင်းချိုး ပြီး အမှိုက်ပုံးထဲ ခွေတည့်လိုက်တယ်။ အမှိုက်ပုံးက သေးပြီး ပန်းက ရိုးတံ ရှည်တယ်လေ။ အသစ်ဝယ်လာတဲ့ ပန်းပွင့် နှစ်ဆယ်ကို စိတ်ရှည် လက်ရှည် ရိုးတံ လေးတွေ ညှပ်လိုက် လှမလှ ကြည့်လိုက်နဲ့ အလှ ဆင်နေတုန်း ကျွန်မ စိတ်တွေ တော်တော် ဒေါသ ပြေသွားတယ်။ သာယာတယ်ပေါ့။ အဲ့ အချိန်မှာ အိမ်နောက်ဖေးခန်းထဲကို ကျွန်မ ပစ်ချခဲ့တဲ့ အိတ်ကလေး ဆွဲပြီး ကို ၀င်လာတယ်။ အင်း ကျွန်မ စိတ်ထဲက ပြောလိုက်မိတယ် "ယောင်္ကျားဆိုတာ အဲ့ဒီလောက်လေးတော့ အလိုက်ကန်းဆိုး သိသင့်တာပေါ့။ ဒါ အမှတ် မရသေးပါဘူး၊ မပြောချင်လို့ ဟွန်း" ဘာပဲ ဖြစ်ဖြစ် ကျွန်မ နည်းနည်းတော့ စိတ်ပြေသွားတယ်။ ကျွန်မ၀ယ်လာတဲ့ ဟင်းချက်စရာတွေကို ကို သူ့နေရာနဲ့ သူထားပေးတယ်။ ပြီးတော့ သူ ပြန်ထွက်သွားတယ်။ ကျွန်မ ပန်းအိုးလေးလည်း လှသွားရော ကျွန်မ အိမ်ရှေ့ခန်းမှာ ဧည့်ခန်းစားပွဲခုံ ပေါ်တွင် သွားတင်ထားလိုက်ပါတယ်။ အခုဆို ကျွန်မတို့ရဲ့ အိမ်ရှေ့ခန်းလေး က ပန်းဆီရောင် နှင်းဆီ ပန်းအိုးလေးနဲ့ ပဏာရလို့ နေပါပြီ။ ပန်းကလေးတွေကို ကျွန်မ နမ်းလိုက်တယ်။ အား မွှေးလိုက်တာ။ တစ်နေကုန် ပင်ပန်းလာတာ လန်းသွားတာပဲ။ ကို ချစ်ဝယ်လာတဲ့ ဖရဲသီး ဖျော်ပေးအုံး လို့လည်း ကို့ကို လှမ်းပြောလိုက်တယ်။
ပြီးတော့ ကျွန်မ နောက်ဖေးခန်းထဲ ၀င်သွားပြီး မနက်ဖြန်အတွက် ဟင်းချက်လိုက်တာ၊ ည ၉ နာရီ ထိုးသွားတော့ ငါးကြင်းဆီ ပြန်နဲ့ ချဉ်ပေါင်ကြော် ကျက်သွားပါပြီ။ ကိုကို ဖျော်ခိုင်းလိုက်တဲ့ ဖရဲသီး ဖျော်ရည် လည်းရပြီ ဆိုတော့ ကျွန်မ ဒီနေ့ အတွက် မနေ့က ညက ချက်ထားတဲ့ ဂဏန်းမဆလာ နဲ့ မှိုကန်စွန်းကြော်ကို ကိုနဲ့ တူတူ စားလိုက်ပါတယ်။ ဒါပေမယ် ကျွန်မ ကို့ကို ခူးမပေးပါဘူး။ ကို သူ့ဘာသာသူ့ ထည့်စားတာပါ။ တနေကုန် ရုံးအလုပ်လုပ် အိမ်ပြန်ရောက်တော့ ချက်ပြုတ်၊ ယောင်္ကျားကို ခူးခပ်ကျွေးနေဖို့ ကျွန်မ အားမရှိတော့ပါ။ ထမင်းလည်း စားပြီးရော ဖရဲသီဖျော်ရည် သောက်လိုက်ပါတယ်။ကိုလည်း သောက်ပါတယ်။ ကို က အစေ့တွေ မထုတ်တော့ ကြိတ်စက်က ကြိတ်ထလိုက်တာ အစေ့လေး တွေ မညပ်တညပ်ကို ပါစပ်ထဲ က ပြန် ပြန် ထွေးထုတ်နေ ရတာ အလုပ်ရှုပ်နေရဲ့။ ဖရဲသီး စိတ် တွေ ကို မကြိတ်ခင် ရေးဆေးလားဆိုတော့ ကို က မဆေးဘူးတဲ့။ သောက်နေရင် မသိုးမသန့် ခံစားမှုကို ခံစားလိုက်ရပါတယ်။ ဒါပေမယ့်လည်းလေ ဖရဲသီးက မထင်မှတ်လောက်အောင် ချိုနေတော့ ကျွန်မ မသောက်ဘဲ မနေနိုင်ပါဘူး။ နောက်ဆို ဆေးနော် လို့ ကို့ ကို ပြောပြီး ကျွန်မ အ၀သောက်လိုက်ပါတယ်။
ကျွန်မ အိုးခွက် ပန်ကန်တွေ ဆေးပြီးလို့ အိမ်ရှေ့ ထွက်လာတော့ ကိုယ်တော် ချောက fruit legends ဂိမ်းဆော့နေတယ်။
'ကိုယ် level 44 မတက်ဘူး ဖြစ်နေတယ်" ကို က ပြောတယ်။
'ကိုယ်က ညံတာကို ချစ်ဆို ကိုနောက်မ ဆော့တာ၊ ကိုထက် level 20 လောက် နောက်ကျပြီးမှ ဆော့တာ ကိုယ့်လောက်တော့ ရောက်နေပြီ"
ကို "ဟုတ်လို့လား"
ကျွန်မ "ဟုတ်တယ်၊ ချစ်လည်း ဆော့လိုက်အုံးမယ်။"
ကျွန်မကြည်လိုက်တော့ ကျွန်မ level 43 ရောက်နေပါတယ်။ ကျွန်မလည်း level 43 မှာ တစ်နေပါတယ်။ ကျွန်မ star မရတဲ့ Level တွေကို star ရအောင် ဆော့ရင် ဒီlevel ကို နိုင်မလား ဆိုပြီး ကျန်တဲ့ level တွေကို ပြန်ဆော့နေပါတယ်။
ကို့ကို အဲ့ဒါ ကျွန်မ က ပြောပြလိုက်တော့ ကိုလည်း ကျွန်မ လို လိုက်ဆော့ပါတယ်။ ၁၀ ပွဲ ၁၅ ပွဲလောက် ဆော့ပြီးတော့ ကျွန်မ မျက်စိ ညောင်းပြီး မျက်လုံးတွေ စင်းကာ အိပ်ချင်လာပါတယ်။ ကိုကို အိပ်တော့လေ ပြောတော့ ကိုက ဆော့အုံးမယ်တဲ့။ ဒါနဲ့ ကျွန်မလည်း စောင်ခြုံပြီး အိပ်ပျော်သွားပါတော့တယ်။
အဲ့ဒီနေ့ ညမှာပဲ ကျွန်မ အိမ်မက်မက်တယ်။ အိမ်မက် က အရမ်းတော့ မထူးဆန်းပါဘူး။ ဒီလို အိမ်မက်မျိုး တစ်ကြိမ် မက်ခဲ့ဖူးပါတယ်။ ကျွန်မ ရဲ့ အိမ်မက်က လမင်းကို မက်တာပါ။ လမင်းဆို မှ လပြည်ဝန်းကြီးပါ။ လပြည်ည၊ လပြည်ကျော် တစ်ရက်နေ့တွေမှာ သာတတ်တဲလမျိုး ကို မြင်မက်တာပါ။ တစ်စင်းထဲလားဆိုတော့ မဟုတ်ပါဘူး ကျွန်မ အိမ်မက်မက်နေမှန်း သိနေပါတယ်။ ကျွန်မ အသိဥာဏ် က ကျွန်မကို ကျွန်မ အသိပေးနေပါတယ်။ ဒီ ကမ္ဘာမှာ လ တစ်စင်းတည်းရှိလို့ တစ်စင်းထက်ပိုပြီး မြင်ပြီဆို သေချာတယ်။ ဒါဟာ အိမ်မက်။ အိမ်မက် မက်နေမှန်းသိတော့ ကျွန်မ အသေအချာ လိုက်ရေကြည့်တယ်။ လမင်း ခြောက်စင်း။ လမင်းတွေကို မြင်တွေရတာ အနောက်ဘက် နေ၀င်ချိန် ကောင်းကင်ပြင်မှာ။ လှလိုက်တဲ့ လမင်းတွေ။ ကျွန်မ အံသြမင်သက်လို့။
အရင်က မက်ခဲ့တဲ အိမ်မက်က လည်း လမင်းတွေ အများ ကြီးပေါ့။ ဒါဟာ အိမ်မက်လား တကယ်လား ဆိုတာကို ကျွန်မ မနည်း ပြန်စဉ်စားခဲ့ရတယ်။ အဲ့ဒီတုန်းက။ ကောင်ကင် ပြာပြာပေါ်မှာ။ အဲ့တုန်း က လပြည့်ဝန်းတွေ မဟုတ်ဘူး။ လတစ်ခြမ်းတွေ။ လှတာတော့ အရမ်းလှတယ်။ လတွေ က ပွားပွား သွားတာ ဟိုနေရာ ကြည့်လဲ လ။ ဒီနေရာ ကြည့်လဲ လ။ ဒါ ဟာ အိမ်မက်မှန်းတောင် မသိဘဲ ကျွန်မ အရမ်း ပျော်နေခဲ့မိတာ။
ကျွန်မ ယုံကြည်နေခဲ့မိတယ်။ ဒီ ကမ္ဘာမှာ လတွေ အများကြီး ရှိတယ်လို့။
ကျွန်မ တကယ်ကို ယုံနေခဲ့မိတာ။
တစ်ည လ တကယ်သာတယ်။ တစ်စင်းတည်းရယ်။ အဲ့တော့မှာ လဆိုတာ တစ်စင်းတည်းပါလားရယ်လို့ အသိဝင်လာတယ်။ ဒါဆို လတွေ အများကြီး တွေ့ခဲ့တာ အိမ်မက် တစ်ခုပေါ့။ ကျွန်မ အသေအချာ မှတ်သားထားလိုက်တယ်။ လဆိုတာ တစ်စင်းတည်း အများကြီးကို မြင်ရင် အိမ်မက်ပဲလို့။
အဲ့ဒီနေ့ ည လချင်း မတူ။ ညချင်း မတူ။ ကျွန်မ ထပ်မက်တဲ့ အိမ်မက်။
လ လ လ လ လ လ
ချစ်စရာ လ
လင်းတဲ့ လ
ဝင်းတဲ့ လ
သာတဲ့ လ
ခြောက်စင်းသော လ
အိမ်မက်လ
မနှင်းဆီ
(၆.၈.၂၀၁၄)

No comments:
Post a Comment